Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များ၊ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်များပျက်စီး

     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ် သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၂၁ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၆ လုံးတို့ ပျက်စီးသွားခဲ့ပြီး ကျေးရွာနေ ဒေါ်မြအေး(၇၁)နှစ်တွင် ပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ကျေးရွာရှိ ကျေးလက်ဆေးပေးခန်း၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
     အလားတူ ည ၇ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ဘုန်းကြီးကျောင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေကြသည့် ငွေတောင်ကျေးရွာနေ ဦးဆန်းမိုး(၃၉)နှစ်၊ ကိုအောင်ချစ်မင်း(၁၈)နှစ်နှင့် ဦးအောင်ကျော်စိုး(၄၂)နှစ်တို့တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်များမှ အပြစ်မဲ့ ပြည်သူများအား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိအောင် Drone ယာဉ်အသုံးပြု၍ Drop Bomb များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။