Language: Myanmar English

Featured

PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိ

     တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အောက်တဲစုကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအဝင်လမ်းမပေါ်သို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးကျော်စိုး(၆၆)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်တုတ် (၆၀)နှစ်၊ မသီရိမေ(၁၅)နှစ်နှင့် မောင်ဖိုးသစ်(၆)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်များမှ အပြစ်မဲ့ ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိအောင် Drone ယာဉ် အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။