တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၆ ရက် ည ၆ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ နန္ဒာရာမဘုန်းကြီးကျောင်းပေါ်သို့ ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘုန်းကြီးကျောင်း၌ရောက်ရှိနေသည့် အဆိုပါ ကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်လုံး(၅၀)နှစ်နှင့် မပပ(၁၅)နှစ်တို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အလားတူ ည ၆ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာနေ မရတနာထွန်း(၁၈)နှစ်၏နေအိမ်ရှေ့ ခြံစည်းရိုးအနီးသို့ ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မရတနာထွန်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ၌ Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့်
အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။