Language: Myanmar English

Featured

အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ရှော့တိုက်ဒုံးများ၊ Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် သံဃာတော်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၇ ရက် ညနေ ၄ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ယာဉ် အသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ဗုံးသီးများကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် မဇူးရတီနိုင်(၈)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးအောင်ငွေ၊ ဒေါ်တင်ဝေနှင့် ဒေါ်သင်းသင်းမော်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ည ၆ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရှောလီဝိုင်းရပ်ကွက်သို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်ဘီရှနူးမာယာ(၈၁)နှစ်နှင့် ဥယျာဉ်ဘုန်းကြီးကျောင်းမှ ကိုရင်ရှင်ကုမ္မာန်(ခ)ကျော်ဌေး(၁၄)နှစ်(တစ်ဝါ)တို့တွင် ပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ရှင်ကုမာရ(၁၇)နှစ်(နှစ်ဝါ)၊ ရှင်ဥတ္တရ(ခ)အောင်ဌေး(၁၄)နှစ်(တစ်ဝါ)၊ ရှင်အာလောက(၁၃)နှစ်(တစ်ဝါ)၊ ရှင်ကုသလ(ခ)ကျော်မင်းထက်(၁၄)နှစ်(တစ်ဝါ)တို့ လေးပါးတွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံးဒဏ်ရာရရှိသူများအား မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ Drone ယာဉ် အသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 1

2

3

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာ၌ အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များပစ်ချတိုက်ခိုက်မှုကြောင့်

အပြစ်မဲ့ ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုမှ ဒဏ်ရာရရှိသူများ၏ မှတ်တမ်းဓာတ်ပုံ။