Language: Myanmar English

စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁၃ ဒသမ ၉၇၅ တန်၊ အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃ တန်ကျော်နှင့် ဓာတုပစ္စည်း PROPIOPHENONE လီတာ ၁,၀၂၀ ဖမ်းဆီးရမိ

     လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားတွင် စစ်ကိုင်းဘက်မှ မန္တလေးဘက်သို့ မင်းမင်းဦး မောင်းနှင်ပြီး အောင်ဇော်ထွေး လိုက်ပါလာသည့်  NISSAN CANTER ခြောက်ဘီး မော်တော်ယာဉ်နှင့်  သက်ခိုင်ထွေး မောင်းနှင်ပြီး အောင်ဇေ လိုက်ပါလာသည့် NISSAN CANTER ခြောက်ဘီး မော်တော်ယာဉ် နှစ်စီးပေါ်မှ ပလတ်စတစ်ပီပါများဖြင့်ထည့်လျက် ဓာတုပစ္စည်း PROPIOPHENONE လီတာ ၁,၀၂၀ အား လည်းကောင်း၊ သတင်းကွင်းဆက်အရ ဩဂုတ် ၁၄ ရက် နံနက် ၈ နာရီတွင် အဆိုပါနေရာ၌ ထွန်းဘော် မောင်းနှင်ပြီး အောင်ကျော်ခန့် လိုက်ပါလာသည့် ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ကဖင်း ၃ ဒသမ ၉၇၅ တန်နှင့် အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃၅ တန် တို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်းတွင် ထိန်းချုပ်ဓာတုပစ္စည်းများ တာဝန်ခံပို့ဆောင်ခိုင်းသူ မတင်တင်စု(ခ)စုမြ(ခ)မစုအား ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ ငုရွှေဝါလမ်းရှိ ဂိုဒေါင်တွင် HINO ခြောက်ဘီး မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၅ တန်နှင့်လည်းကောင်း၊  ဩဂုတ် ၁၆ ရက်တွင် လွှမ်းမိုးနှင့် ကိုမျိုးတို့ နှစ်ဦးအား ကလေးမြို့၊ မြို့လှရပ်ကွက်နှင့် တောင်ဇလပ်ရပ်ကွက်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၅ တန်၊ CANTER ခြောက်ဘီး မော်တော်ယာဉ် တစ်စီး၊ မှန်လုံယာဉ် တစ်စီးတို့နှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဓာတုပစ္စည်း PROPIOPHENONE လီတာ ၁,၀၂၀၊  ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁၃ ဒသမ ၉၇၅ တန်နှင့် အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃ တန်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများအား မြန်မာ-အိန္ဒိယနယ်စပ်မှ ကလေးမြို့သို့သယ်ဆောင်ပြီး မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုရန် ရှမ်းပြည်နယ်သို့ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများနှင့် စစ်ကိုင်းမြို့၊ ရတနာပုံတံတားတွင် ဖမ်းဆီးရမိဓာတုပစ္စည်းများ။

ပြစ်မှုကျူးလွန်သူများနှင့် စစ်ကိုင်းမြို့၊ ရတနာပုံတံတားတွင် ဖမ်းဆီးရမိ 
ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ။

ကလေးမြို့တွင် ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ။

ကလေးမြို့၊ မြို့လှရပ်ကွက်နှင့် တောင်ဇလပ်ရပ်ကွက်တွင် ပြစ်မှုကျူးလွန်သူများနှင့် ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ။