၂၀၂၅ ခုနှစ်၊ မေ ၁၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံကိန်း (Quick Impact Project - QIP) အရ ဆောင်ရွက်မည့် စီမံချက်များအတွက် စီမံကိန်းဆိုင်ရာစောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီများ၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ “မြန်မာနိုင်ငံအုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်း ကျောင်းအတွက် သင်ကြားရေးအထောက်အကူပြုပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း” စီမံချက် ဆိုင်ရာပူးတွဲကော်မတီ(JPMC) ဥက္ကဋ္ဌဖြစ်သူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ထွန်း၊ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ၊ မှုခင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် JPMC အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် (Quick Impact Project - QIP) အရ ဆောင်ရွက်သည့်စီမံချက် များအနက် စီမံချက် နှစ်ခု (မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)နှင့်စပ်လျဉ်း၍ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ တင်ပြခြင်း၊ ငလျင်ဘေးကြောင့် ဝယ်ယူတပ်ဆင်ထားသည့် ထောက်ပံ့ ပစ္စည်းများ ထိခိုက်ပျက်စီးမှုအခြေအနေများ တင်ပြခြင်း၊ နှစ်ဖက်လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာနှင့်အညီ နောက်ဆုံးအရစ် ငွေပေးချေနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)အစည်းအဝေးခန်းမ၌ မြန်မာ - အိန္ဒိယနှစ်နိုင်ငံအကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်း (Quick Impact Project - QIP) စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပမှု မှတ်တမ်းဓာတ်ပုံ။