နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပ နိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပေးလျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများနှင့် ဒုစရိုက်မှုများ လုပ်ဆောင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၈၂ ဦးအား လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ၂၀၂၅ ခုနှစ်၊ မေ ၈ ရက်တွင် ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့ စေရေးအတွက် ကရင်ပြည်နယ်၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ၂၀၂၅ ခုနှစ်၊ မေ ၈ ရက် နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်း ပေးရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် အထောက်အထား၊ စာရင်းဇယားအချက်အလက်များ မှန်ကန် ပြည့်စုံကိုက်ညီမှုရှိစေရေးတို့ကို မှာကြားသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ်၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယားဖယ်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr. Wendwosen Melkamu နှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မေ ၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၀၅၉ ဦးအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇,၇၉၅ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၂၆၄ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။