Language: Myanmar English

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်   ပြည်ပနိုင်ငံသား ၁၆၃ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့

     နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။
     ထိုသို့ ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတို့၌ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၆၃ ဦးအား မတ် ၁၆ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့်  တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၆,၅၉၉ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၃,၅၈၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃,၀၁၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
     အဆိုပါထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား ၆,၅၉၉ ဦးသည်  တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ဂျပန်၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း သတင်းရရှိသည်။