Language: Myanmar English

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဆီဆုံကျေးရွာနေ ဒေါ်မြတ်မွန်အေး(၂၉)နှစ်သည် ၎င်း၏သမီးဖြစ်သူ မသဲဝေ(၉)လနှင့်အတူ တစ်ရွာတည်းနေ မမေသဇင်စိုး(စိစစ်ဆဲ) မောင်းနှင်သော ဆိုင်ကယ်ဖြင့် အင်းဝိုင်းကျေးရွာမှ ကာကွယ်ဆေးထိုးနှံပြီး ဆီဆုံကျေးရွာသို့ ပြန်လာစဉ် အုမ္မသီးကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာကြားအရောက် ၎င်းတို့အနီးသို့ TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မမေသဇင်စိုးတွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်မြတ်မွန်အေးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပြင်ဦးလွင်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် မသဲဝေတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူတစ်ဦး သေဆုံးခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။